Monday, December 29, 2008

ဤသို့ အဓိပ္ပါယ်ဖွင့်သည် ...

မျှော်လင့်ခြင်းက
မီးစာတစ်ဘက် ရေမှုတ်တစ်ဘက်။
ငါ့ရဲ့အနေအထိုင်သစ်ကို အမှုဖွင့်သူရေ
မင်းဘယ်လိုတုန်း။
ပေပင်တစ်ပင်ရဲ့ မိုက်မဲမှုမျိုးနဲ့
လူတစ်ယောက်ရဲ့ အမြစ်ကို
တူးဆွဖို့ ကြိုးစားခဲ့တယ်။
ပျော်ရွှင်မှုမှာ
အခါခါရှုံးနိမ့်ပြီး၊
ဝမ်းနည်းမှုမှာ
အကြိမ်ကြိမ် အောင်ပွဲရခဲ့တယ်။
ကိုယ့်စိတ်ကူးထဲက မိန်းကလေးရေ
ဆောင်းမှာ နွေးပြီး
နွေရာသီမှာ အေးတယ်ဆိုရင်တော့
ဒါဟာ
အချစ်ကလွဲပြီး
ဘာများဖြစ်နိုင်ဦးမှာလဲ။

Thursday, December 18, 2008

အလွမ်းတာ

ရင်နှင့်အမျှ သိပ်ချစ်ပါလည်း
ပြတ်တောက်သယောင်
ဟန်ဆောင်ချုပ်ထိန်း
မွန်းကျပ်ပင်ပန်း
နွမ်းလျလိုက်တာ ......

အမှောင်ထုကြီးစိုး
အိပ်မရညတို့မှာ
ခပ်ဖျော့ဖျော့ မီးရောင်အောက်
တွေးနယ်ချဲ့ ငုတ်တုတ်ထိုင်ရင်း
ရင်ခွင်မှာ ထင်ကျန်နေဆဲ
မင်းအရိပ် ၀ိုးတ၀ါးတို့ကို
စိတ်ကူးနှင့် ပုံဖော်မှန်း
လွမ်းလိုက်ရတာ ...........

အနေဝေးတဲ့အခါ
ရေဝေးတဲ့ကြာလို
အချစ်တွေ နွမ်းခြောက်
လန့်ပျောက်သွားမလား
စိုးမိပါရဲ့ ..........

ချစ်သူရေ
နံရံရဲ့ အခြားတစ်ဖက်
မင်းမရှိတဲ့ ညတွေမှာ
ရင်မှာ ခံစားမသိသာလှပေမဲ့
မဆုံနိုင်တော့မယ့် ဟိုးအဝေး
မင်းခွဲခွဲသွားလေမှ
သွေးပျက်ချောက်ချား
စိတ္တဇညများစွာ
ကြုံတွေ့ရင်ဆိုင်
စိတ်မခိုင်ပြီ
လွမ်းတာရက်ဆက် ရှည်ဦးမည်။

ပန်းတွေထဲမှာ အဖြေရှာမယ် .....

ကံ့ကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
အုန်းပန်း - ကံကောင်းခြင်း။
ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
ခရေပန်း - မေ့မသွားပါနဲ့ကွယ်။
ခတ္တာပန်း - အားငယ်ရတဲ့သူမို့ ညှာတာပါ။
ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်။
ခေါင်းလောင်းပန်း - အမြန်ဆုံးနီးခွင့် ရချင်တယ်။
ဂန္ဒမာပန်း (အဖြူ) - ငြိမ်းချမ်းပါစေ။
(အ၀ါ) - သတိရနေမယ်။
ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ချစ်သူပါ။
စပယ်ပန်း - မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်။
ဆပ်သွားဖူးပန်း - သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်။
ဆောင်တော်ကူးပန်း - မင်းကြောင့်ကိုယ့်မှာ ရူးရပြီ။
ဆယ့်နှစ်ရာသီပန်း - ရိုးသားဖြူစင်ခြင်း။
ညမွှေးပန်း - အရာရာဟာ မင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။

Tuesday, December 16, 2008

င့ါအတ္တအတွက် တစ်ရက်ငိုခွင့်ပြုပါ

ထွက်သွားမှာကို မတားရက်ပေမယ့်
ကျန်ရစ်ခဲ့သူရင်မှာ
ဝမ်းနည်းလို့လာတယ်

ဖွင့်ပြောခွင့်မရှိတဲ့စကားလုံးတွေ
မပေးလိုက်ရတဲ့ကတိတွေနဲ့
မျှော်ကြည့်ရင်းကျန်ခဲ့ရ

အရာရာကိုနားလည်ပေးရင်း
စွန့်လွှတ်ခြင်းတွေနဲ့
ငါ့အတ္တအတွက်
မင်းထွက်သွားရင် တစ်ရက်ငိုခွင့်ပြုပါ....

Monday, December 15, 2008

crying ....

နောက်ဆုတ်ရင်း
မဖြစ်နိုင်မှန်းသိရက်
မျှော်လင့်နေရတာထက်
အားလုံးကို ဆုံးရှုံးသွားတာက
ပိုပြီးနေသာပါသေးတယ်

မလာမယ့်သူကို
ရပ်စောင့်နေရတာထက်
ကျောခိုင်းထွက်လာတာက
ပိုပြီးမျှော်လင့်ချက်ရှိပါတယ်

ဒါပေမယ့်
တကယ်တမ်းအားလုံးပြီးဆုံးသွားချိန်မှာ
ငါ ငိုနေမိတယ်....

Friday, December 12, 2008

မေတ္တာ၏ အဓိပ္ပါယ် ...

မင်းရဲ့ ရိုးသားမှု
မင်းရဲ့ ချစ်စရာကောင်းမှုလေးတွေဟာ
ငါ့ကို ပျော်ရွှင်စေတယ်။

မင်းခံစားရတိုင်း
မင်းငိုကြွေးရတိုင်း
ငါ့နှလုံးသားဟာ ရိုက်ပုတ်ခံရတယ်။

ငါ့ရဲ့ မင်းအပေါ်မျှော်လင့်ခြင်းက
မင်း အမြဲပြုံးနေဖို့ပါပဲ။

မင်းဘက်မှာ ငါတစ်ယောက်ထဲကျန်တဲ့အထိ
ရပ်တည်ပေးပါရစေ။

မင်းရဲ့လိုအပ်ချက်
မင်းဆန္ဒတွေကို
တတ်နိုင်သလောက်
ငါ့ ဖြည့်စွမ်းပေးချင်တယ်။

တိတ်ဆိတ်ခြင်းဟာ
မင်းကို စကားလုံးမဲ့
ချစ်ခင်ခြင်းပါ။

ငါ့ရဲ့ ဦးတည်ချက်တွေက
မင်းဘေးမှာ တိတ်ဆိတ်စွာထိုင်ပြီး
မင်းပျော်အောင် ရယ်မောပေးဖို့ပါ။

မင်းကို
ငါတစ်ဦးတည်း မသိမ်းပိုက်ချင်ပါဘူး
အတ္တတွေနဲ့ မဝါးမြိုချင်ပါဘူး
လူတိုင်း မင်းကိုချစ်ယင်
ငါဟာ မင်းလိုပဲ ပျော်နေမှာပါ။ ။